Saturday, July 13, 2013

လွန်စွာကြီးမားပါသည်ဟု သတ်မှတ်ယူထားသော မြင့်မိုရ်တောင်သည်ပင်လျှင် မိဘကျေးဇူးနှင့်နိုင်းယှဉ်လျှင် ပေါက်သစ်စနွားချိုမျှသာ.....

*** မေတ္တာကြွေး ***
------------------------

ကျေးဇူးကြီးစွ ၊ မိနှင့်ဘကို
ဝမ်းဝအောင်ကျွေး ၊ ပြုစုပေး၍
နွေးထွေးကြင်နာ ၊ နှုတ်ချိုစွာဖြင့်
သစ္စာအားနှင့် တွေးမှတ်ကာ။
မေတ္တာများဖြင့် ကြွေးဆပ်ပါ။

တရားသဘော ၊ ဘုရားဟောတွင်
အိုသောမိဘ ၊ ပြုစုကြသည့်
မိန်းမ , ယောက်ျား ၊ ထိုလူသားကို
နတ်များကချစ် ၊ လူလည်းချစ်၍
မေတ္တာတန်ခိုး ၊ လွှမ်းခြုံမိုးကာ
ကောင်းကျိုးသုခ ၊ လက်ငင်းရပြီး
ဘဝအစွန် ၊ တမလွန်၌
ဦးချွန် ပြာဿဒ် ၊ ဘုံစင်ထပ်သည့်
နတ်မင်း၏အိမ် ၊ နတ်စည်းစိမ်ကို
ကြိမ်ဖန်များစွာ ၊ စံရပါမည်.....
လူဟာ အနေတတ်သောကြောင့်။
သူဟာ အသေမြတ်သောကြောင့်။

သို့တည်းမဟုတ် ၊ ကြမ်းတမ်းယုတ်၍
နှုတ်က မချို ၊ အလို မဖြည့်
မတွေ့ , မပေး ၊ မကျွေး , မကြည့်
ရိုင်းသည့်မူထား ၊ သမီး , သားကို
နတ်များမချစ် ၊ လူကပစ်၏
မေတ္တာတန်ခိုး ၊ တန်ပြန်ထိုးလျက်
ဆိုးကျိုး ဒုက္ခ ၊ ယခုရပြီး
ဘဝအစွန် ၊ တမလွန်တွင်
လှံချွန်အုပ်မိုး ၊ ငရဲအိုး၌
ထိုးလိုက် မြှုပ်လိုက် ၊ မီးနှင့်မြှိုက်ဖြင့်
စိတ်ကြိုက်ကျီစား ၊ ငရဲသား၏
လက်ဖျားထက်တွင် ၊ သေပွဲဝင်ကာ
ပြန်ရှင် ပြန်သတ် ၊ ဝဲသို့ပတ်ရင်း
ကပ် အသင်္ချေ ၊ ခံရလေမည်.....
အနေ မတတ် ခဲ့သောကြောင့်။ ။
အသေ မမြတ် ခဲ့သောကြောင့်။ ။

ကျော်မိုး ( စကားဝါမြေ )မှကူးယူဖော်ပြပါသည်...

သူငယ်ချင်းများအားလုံး မိဘကျေးဇူးကို တစ်ဖန်ပြန်လည်ပေးဆပ်နိုင်ကြပါစေ.....

No comments:

Post a Comment